
ကောင်းမူးစောဝ့်ကန်ခမ်း ခေါ် ရွှေဆပ်မင်း စေတီတော် (ယခုကောင်းမူးလုံ စေတီတော်) ၏ သာသနာရေး ဆိုင်ရာ သမိုင်းနှင့် သက်သေသာဓက ပြုကြပါသည်။ ရှေးဟောင်း မြန်မာ့ဆိုရိုး စကားတွင် အောက်တွင် ရွှေတီဂုံ၊ အထက်တွင် ကောင်းမူးလုံ ဟူသောစကားရှိပါသည်။ ကောင်းမူးလုံးလုန် စေတီတော်၏ သက်တမ်းမှာ ရှေးဟောင်း အိန္ဒိယပြည် မဇ္ဈိမဒေသမှ သီရိဓမ္မာသောက (အသောကရာဇာ) မင်းနှင့် ခေတ်ပြိုင်ဖြစ်ပါသည်။ ထိုစေတီတော် တည်ထားကိုယ်းကွယ်ခဲ့စဉ်ကပင်လျှင် ခမ်းတီးလုံ ဒေသတွင် တိုးတက်ဖွံ့ဖြိုးမှု ရှိပြီးဖြစ်သော လူ့အဖွဲ့ အစည်းရှိပြီး ဖြစ်ကြောင်းနှင့် ထိုလူ့အဖွဲ့စည်းမှာ တိုင်းခမ်းတီး လူမျိုးများသာ ဖြစ်နိုင်ကြောင်း မြို့ဟောင်းများစာရင်း၊ မြစ်ချောင်းတောတောင် လွင်ပြင် အမည်နာမ များနှင့် အထောက်အထားများက သက်သေပြလျှက်ရှိပါသည်။ BC -304 သာသနာက္ကရာဇ -၂၄၄ တွင်တည်ခဲ့သော ကောင်းမူးလုံ စေတီတော်သည် နှစ်ပေါင်းနှစ်ထောင်ကျော်ပြီး ဖြစ်၍ ခမ်းတီးသျှမ်းတို့၏ နေထိုင်သည့် ကာလသက်တမ်းကို မှန်းဆနိုင်ပေသည်။ ခမ်းတီးလုံ ကုန်းမြင့်ဒေသရှိ ခမ်းတီးသျှမ်းတို့သည် ပထမ အသုတ် ၀င်ရောက်နေထိုင်သည် ခမ်းတီးသျှမ်း ဒုတိယအသုတ် ၀င်ရောက်နေထိုင်သည့် ခမ်းတီးသျှမ်းဟူ၍ နှစ်သုတ် ရှိပါသည်။ ကောင်းမူးလုံ စေတီတော် တည်ထားကိုးကွယ်စဉ် ကာလက ရှိနှင့်ပြီးသော သျှမ်းများသည် ပထမ အသုတ်ဖြစ်ပါသည်။ မိန်းကောင် (မိုးကောင်း) စော်ဘွားကြီး စောဝ့်ခွန်ဆမ်လုန် (စ၀့်ဆမ်တာ၊ စ၀့်ဟိုရှန်-မိုးကောင်းမြနန်းရှင် AD -1320 ကျော်ခန့် လက်ထက်တွင် ခမ်းတီးလုံဒေသသို့ မန်ချူးများမကြာ ခဏ ကျူးကျော်ခဲ့ပါသည်။ ခမ်းတီးလုံစော်ဘွားကြီး၏ စစ်ကူတောင်းချက်အရ မိုးကောင်းစော်ဘွားကြီး စ၀်ခွန်ဆမ်လုံ သည် စစ်သည်များစေလွှတ် နှိမ်နှင်းစေခဲ့ပါသည်။ မန်ချူးလူမျိုးကို သျှမ်းများက ဖန်လူမျိုး ဟုခေါ်သည်ဟု ၀န်းသိုစော်ဘွာ ကြီး စ၀်အောင်မြတ်၏သား ဦးခွန်လွန်း၏ ရှင်းလင်းခြင်းကို မှတ်သားခဲ့ရ ပါသည်။ မိုးကောင်းစော်ဘွားကြီး စေလွှတ်လိုက်သော စစ်သူကြီးများသည် ခမ်းတီလုံပြည်၏ နယ်မြေ လုံခြုံရေးအတွက် နယ်မြေပိုင်းခြား၍ အပိုင်းလိုက် တာဝန်ယူ စောင့်ရှောက်ခဲ့ပါသည်။ ထိုအချိန်တွင် မိုးကောင်းမှ ခမ်းတီလုန်သို့ ရောက်ရှိသော အင်အားစုအဖြစ် ဒုတိယအကြိမ်ရောက်ရှိခြင်းဖြစ်သည်။ ယင်း မိန်းကောင် (မိုးကောင်း) စော်ဘွားကြီး စ၀့်ခွန်ဆမ်လုန်၏ အင်အားစုများတွင် မိုးကောင်းဒေသခံသျှမ်းများနှင့် မောပြည်မှ မောအဆက်အနွယ်များ ပါဝင်မည်သာဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော မိုးကောင်း စော်ဘွားကြီး စ၀့်ခွန်ဆမ်လုံသည် (စ၀့်ဟိုရှန်) မောပြည် (ရှေးဟောင်း စယ်လန့်ပြည်) ဘုရင်ဆေခန်ဖှ (သိုဝ်ခန်ဘွား)၏ ညီတော် ဖြစ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ စာပေညာ၊ စစ်ပညာ၊ အုပ်ချုပ်ရေးပညာနှင့် စီမံခန့်ခွဲမှုများ တိုးတက်နေပြီဖြစ်သော မောသျှမ်းအနွယ်များ ထံမှ အသိပညာ၊ အတတ်ပညာ အတွေ့ကြုံများ ကို ခမ်းတီးလုံ ဒေသခံ သျှမ်းများသည် ခမ်းတီးလုံ သို့ရောက်ရှိလာသော သျှမ်းများထံမှ ရရှိသည်ဟု မှန်းဆ သုံးသပ်ရပါသည်။ ပူတာအိုမြို့၊ ဟိုခိုရပ်ကွက် ဦးစောနွဲ့ ပီတောင်နေအိမ်တွင် ထိန်းသိမ်းထားသော ရှေးဟောင်းစော်ဘွားကြီးများ၏ ဓါး၊ လှံများ၏ ပုံသဏ္ဍာန်နှင့် ကျောက်စီထားမှုများသည် မောမင်းပြည်ထောင် (MOA Kingdon) ခေတ်ကာလ သုံးစွဲခဲ့သော လက်ရာများနှင့် တူညီနေသည်ကို တွေ့ရပါသည်။
ရှေးခေတ်ခမ်းတီးလုံ ဒေသသည် တရုတ်ပြည်မှ တိဘက်ပြည်သို့ သွားရာ စခန်းထောက်မြို့ တစ်ခုဖြစ်ခဲ့သည် ကုန်းဘောင်ခေတ်တွင် ခမ်းတီးလုံသည် (ပူတာအိုနယ်) မှ မိုးကောင်း၊ မန္တလေး မင်းနေပြည်တော်သို့ အသွားအပြန် ၂-လ ကျော် ၃-လနီး ရှိသည်ဟုဆို၏။ သို့ရာတွင် တောင်ကြားလမ်းကို ဖြတ်၍ အိန္ဒိယနိုင်ငံ၊ အာသံနယ်သို့ သွားလျှင် ၇-ရက်မှ ၁၀-ရက် အထိသာ ကြသည်ဟု သိရသည်။ ယင်းအကြောင်းကြောင့် ခမ်းတီးလုံဒေသရှိ သျှမ်းများသည် အိန္ဒိယနိုင်ငံ၊ အာသံပြည်နှင့် ကူးလူးဆံမှု ပိုမိုများပြားခဲ့ရသည်။ ခမ်းတီးသျှမ်း၏ အသုံးအဆောင်အချို့သည် အိန္ဒိယ လူမျိုးတို့၏ လက်ရာပစ္စည်းများ ဖြစ်နေသည်ကို တွေ့ရသည်။ ယဉ်ကျေးမှု အနုပညာနှင့် ပတ်သက်၍ ခမ်းတီးတို့၏ အိုးစည်၊ ဗုံမောင်းများသည်း သျှမ်းကုန်း ပြင်မြင့်မှ တိုင်းလုံ သျှမ်းအိုးစည်နှင်မတူပါ။ အိန္ဒိယလူမျိုးတို့၏ အိုးစည်နှင့် သီးမှုတ်တူရိယာများနှင့် တူညီ နေသည်။ မဇ္ဈိမဒေသခေါ် ရှေးဟောင် အိန္ဒိယပြည်မှ တိုက်ရိုက်လာသော ရာမနှင့် အက္ခဏဇာတ်များကို အထူးရင်းနှီး နှစ်သက်ကြသည်။ ခမ်းတီးသျှမ်းတို့၏ ဗုဒ္ဓဘာသာ အယူဝါဒသည် ရှေးဟောင်း သထုံပြည်၊ ပုဂံပြည်မှတဆင့် ပြန့်ပွားလားခြင်း မဟုတ်ပဲ၊ အိန္ဒိယပြည်မှ တိုက်ရိုက်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည် ကြသည်။ ပုဂံခေတ်စေတီ ပုထိုးများထက် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းကွာခြားသည့် ခမ်းတီးလုံဒေသ ရှိ ကောင်းမူးလုံစေတီတော် သမိုင်းက သက်သေပြလျှက်ရှိပါသည်။
ပုဂံခေတ်၊ တောင်ငူခေတ်အတွင်း ခမ်းတီးလုံ မင်းပြည်ထောင်နှင့် မြန်မာမင်းပြည်ထောင် တို့ဆက်သွယ် ဆက်ဆံသည့် သမိုင်းအထောက်အထား မတွေ့ ရှိရသေးပါ။ သို့ရာတွင် ကုန်းဘောင်းမင်းဆက် တတိယမြောက် ဆင်ဖြူရှင် မင်း (A D -1764-1777 ) လက်ထက်မှစ၍ ဆက်ဆံခဲ့သည့် အထောက်အထား မှတ်မတ်းများကို လေ့လာတွေ့ရှိရပါသည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင် မင်းလက်ထက်တွင် ခမ်းတီးလုံပြည် မန်စေလုံနယ် စော်ဘွားကြီး မိုင်းဟုန်သည် နိုင်ငံရေး၊သာသနာရေး ကိစ္စများကို သွားရောက် ညှိနှိုင်းဆောင်ရွက် ခဲ့ရာ ဆင်ဖြူရှင် မင်းသည် ၎င်းစော်ဘွားကြီးအား - စောသီဟရာဇာ -စောဆေဟုမ်ခန်ဖ၊ စောဖဟွမ် ဆိန်ငမ်းမိန်း၊ မန်စေလုံ ဟူသော မြန်မာ ကဗျည်း အက္ခရာခတ်နှိပ်သည့် ရွှေပြားဆု တံဆိပ်တော်ကို ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။
ကုန်းဘောင်း မင်းဆက် ဘိုးတော်ဘုရား (A D -1782-1820 ) လက်ထက်တွင် မန်စေလုံ စောဘွားကြီး စောဖဟိန်းသည် ဘိုးတော်ဘုရား၏ နန်းတက် ဘိသိတ်ပွဲကို တက်ရောက်ခဲ့သဖြင့် မဟာဝဏသီဟရာဇာ ဟူသော ဗျည်းအက္ခရာ ခတ်နှိပ်သည့် ရွှေတံဆိပ်တော်နှင့် ငွေဓါးတစ်လက်ကို ချီးမြင့်ခဲ့ပါသည်။ မင်းတုန်းမင်း (AD-1874-1879) လက်ထက်တွင် မန်စေလုံ စောဘွားကြီး စော်နွဲ့ညီသည် မင်းတုန်းမင်း၏ နန်းတက် ဘိသိတ်ပွဲကို တက်ရောက်ခဲ့သဖြင့် မင်းတုန်းမင်းက မန်စည် မဟာဒေ၀သီဟရာဇာ ဘွဲ့ကို ရွှေပြားခတ်နှိပ် ချိးမြှင့်ခဲ့သည်။ စော်ဘွားကြီး ဆေဟုတ် ဘွဲ့ခံ စော်နွဲ့နို (ဖန်ခိုင်) လက်ထက်တွင် သီပေါမင်း (A D -1879-1885 ) ၏နန်းတက်ပွဲကို တက်ရောက်ခဲ့သဖြင့် သီပေါမင်းက မဟာသီဟ၀ံသဒေ၀ရာဇာ ဘွဲ့ခံ ရွှေတံဆိပ်နှင့် ငွေဓါး၊ ထီး၊ လှံ၊ အခြံအရံ ပစ္စည်းများကို ချီးမြင့်ခဲ့သည်။ စောဖတန်ဆိုင် လက်ထက်တွင် ခမ်းတီးခလုန်ဒေသသည် ဗြိတိသျှ ကိုလိုနီနယ်မြေ အဖြစ်ကျရောက်ခဲ့ပါသည်။ ဗြိတိသျှအစိုးရ ဘုရင်ခံက ခမ်းတီးလုံ စော်ဘွားများအား စော်ဘွားရာထူး အသိအမှတ်ပြု ခန့်လပ်လွာ ဆာနဒ့် (SHNAD) ခေါ် စာချွန်လွှာများကို ပေးအပ်၍ စော်ဘွားများအဖြစ် ဆက်လက်ခန့်အပ်ထားခဲ့သည်။ 1926 -ခုနှစ် ခမ်းတီးလုံ အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်၍ ခမ်းတီးလုံ ဒေသကို သီးခြားအုပ်ချုပ်ခဲ့သည်။ ယင်းထုတ်ပြန်သော အမိန့်သည် ယခုတည်ဆဲ ဥပဒေအမိန့်တွင် ပါဝင်နေသေးပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတ ဖြစ်သော စ၀်ရွှေသိုက်က အလေးချိန် ၅၀ ကျပ်သားရှိ ငွေဖလားနှင့် ကွမ်းအစ်ကို ချီးမြင့် ခဲ့သည်။ ၁၉၅၉ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ ၁၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်ခဲ့ သဖြင့် သမ္မတအိမ်တော်မှ ၀ဏ္ဍကျော်ထင် ဘွဲ့တံဆိပ်ကို ချီးမြင့်ခဲ့သည်။ 1962 -ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ လက်ထက်တွင် ခမ်းတီးလုန် ဒေသစော်ဘွား (၇) ဦးတို့သည် မိမိတို့၏ စော်ဘွား အာဏာများကို တော်လှန်ရေး ကောင်စီ အစိုးရထံ စွန့်လွှတ်လွှဲပြောင်း ခဲ့ရပါသည်။ ဤဖြစ်စဉ်ဖြစ်ရပ်များသည် ခမ်းတီးလုံ ဒေသ ယခုပူတာအို နှင့် ခမ်းတီး သျှမ်းတို့၏ သမိုင်း ၊ခမ်းတီးတို့၏ သာသနာရေးသမိုင်း မှတ်တိုင်များဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ထုတ်နုတ်
ပူတာအို၊ ဟိုခိုရပ်ကွက်နေ ဦးစောနွဲ့ ပီတောင်းရေး





